top of page

Yoma Central ၏ ဝန်ထမ်းများမိတ်ဆက်

Updated: Jun 21, 2020


Yoma Central logo

မသီတာအောင်

Yoma Strategic Holdings ၏မြို့ပြနှင့် အဆောက်အအုံဒီဇိုင်းမန်နေဂျာ


မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးစီမံကိန်းများတွင် မြို့ပြနှင့်အဆောက်အအုံအင်ဂျင်နီယာ အဖြစ် ၁၅ နှစ်ကျော် လုပ်ကိုင်ခဲ့သည့် မသီတာအောင်သည် လက်ရှိတွင် Yoma Strategic Holdings ၏ မြို့ပြနှင့် အဆောက်အအုံဒီဇိုင်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ မြန်မာနိုင်ငံတွင် ခေတ်အမှီဆုံးသော ဗိသုကာလက်ရာ စီမံကိန်းတစ်ခုဖြစ်သည့် Yoma Central တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍများကို တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။




Yoma Central site
 

ကျွန်တော်မြန်မာနိုင်ငံကို ရောက်တဲ့အချိန်မှာ မသီတာက ကျွန်တော်နဲ့ တိုက်ရိုက်အလုပ်လုပ်ရတဲ့ ပထမဆုံးသော ပြည်တွင်းဝန်ထမ်းပါ။ အဲ့ဒီအချိန်တည်းက သူ့ရဲ့စိတ်နေသဘောထား၊ အပြုအမူတွေ၊ လုပ်ငန်းအပေါ် ချစ်မြတ်နိုးစိတ်၊ ကျွမ်းကျင်မှုတွေနဲ့ ရှေ့ကို ကြိုတင်တွေးမြင်တတ်မှုတွေကို မြင်တွေ့ရ အထင်ကြီးခဲ့ရတာပါ။ သူက နည်းပညာပိုင်းအရမ်းကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေ၊ ဆောက်လုပ်ရေးအဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲမှုအပိုင်းက ဝန်ထမ်းအားလုံးရဲ့ လေးစားမှုကို ရခဲ့ပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။


မသီတာက ဖြစ်လာတဲ့ နည်းပညာပိုင်းပြဿနာတွေကို အခြားသူတွေထက်အရင် ဖော်ထုတ်နိုင်ပြီး ကုန်ကျတဲ့ ပမာဏနဲ့ထပ်တူ အကျိုးဖြစ်ထွန်းစေမယ့် ဖွဲ့စည်းမှုပုံစံတွေ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ စနစ်တကျနဲ့ ထိထိရောက်ရောက် နည်းပေးလမ်းပြ မှုတွေကြောင့် ကျွန်တော်တို့ရဲ့ဝန်ထမ်းအငယ်လေးတွေက သက်ဆိုင်ရာစီမံကိန်းနယ်ပယ်တွေမှာ ကောင်း ကောင်း တာဝန်ယူဆောင်ရွက်နေနိုင်ပြီပဲ ဖြစ်ပါတယ်။


မသီတာကတော့ ကျွန်တော်နဲ့ အလုပ်အတူလုပ်ဖူးခဲ့တဲ့ ကမ္ဘာအရပ်ရပ်က အင်ဂျင်နီယာတွေထဲမှာ အတော်ဆုံး တစ်ယောက်ဖြစ်တယ်ဆိုတာ အပြင် အမျိုးသားအများစု လွှမ်းမိုးထားတဲ့နယ်ပယ်ထဲမှာ လေးစားခံရတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်လာစေဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာအတွက် ထင်ရှားတဲ့ဥပမာ တစ်ခုလို့လည်း ကျွန်တော် ပြောချင်ပါတယ်။


Iain Fairbairn - Yoma Strategic Holdings ၏ စီမံကိန်းဒါရိုက်တာ

 

Yoma Central စီမံကိန်းနဲ့ SPA မှာ တာဝန်ယူလုပ်ကိုင်ရတဲ့ အတွေ့အကြုံလေး ပြောပြပေးပါ။


Yoma Central ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အလုပ်လုပ်ရတာက တစ်သက်မှာတစ်ခါရတဲ့ အခွင့်အလမ်းလို့ ကျွန်မ မြင်မိပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်ခွဲတာ ကာလမှာ တင်ဒါညှိနှိုင်းမှုတွေ၊ အစိုးရဌာနတွေနဲ့ ဆက်ဆံရေး တွေ၊ အန္တရာယ်ကင်းတဲ့ဒီဇိုင်းဖန်တီးမှုတွေ စတဲ့ တာဝန်အမျိုးမျိုးကို ပါဝင်ထမ်းဆောင်ခဲ့ရပါတယ်။ ဒီလုပ်ငန်းတွေအားလုံးက ကျွန်မအတွက်တော့ လေ့လာစရာ၊ မှတ်သားစရာတွေချည်းပါပဲ။ ဒါတွေကို လေ့လာဆောင်ရွက်ခြင်းက ကျွန်မရဲ့ နည်းပညာပိုင်းကျွမ်းကျင်မှုတင်မက ကိုယ်ရည်ကိုယ်သွေးတွေကိုပါ တိုးတက်လာစေခဲ့ပါတယ်။


အမျိုးသားများတဲ့နယ်ပယ်မှာ လုပ်ငန်းဆောင်ရွက်နေရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အထက်လူကြီးဖြစ်တဲ့ Mr. Iain Fairbairn ရဲ့ ကျွန်မအပေါ် ယုံကြည်ပေးမှုနဲ့ ကူညီထောက်ပံ့ပေးမှုတွေအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သူက ကျွန်မ ကိုယ်ရည်ကိုယ်သွေးတက်လာဖို့ ဉာဏ်ကစားရတဲ့ စိန်ခေါ်မှုတွေ တခါတခါ ပေးလေ့ရှိတယ်။ ဒီစိန်ခေါ်မှုတွေကို ကျွန်မဖြတ်ကျော်ပြီးတဲ့အခါ အသိပညာ ဗဟုသုတ တိုးပွားလာတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တက်လာပါတယ်။ ပြောရရင် ကျွန်မတို့ မတူတာတွေကို တွေ့ရကြုံရတဲ့အခါ ဖြစ်နိုင်တဲ့အဖြေတွေထုတ်ကြရတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးငြင်းခုံ ကြရပါတယ်။ ဒီလို ဆွေးနွေးအဖြေရှာရတာကို ကျွန်မတကယ်သဘောကျတယ်။ ကျွန်မက Mr. Iain ရဲ့ ဆုံးဖြတ်ချက်တွေကို အမြဲလေးစားပေမယ့် ကျွန်မရဲ့ထင်မြင်ချက်တွေကို ပြန်ပြောတတ်တယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့ပြန်လည်ချေပချက်တွေ၊ ဆွေးနွေးချက်တွေကို အမြဲအချိန်ပေးနားထောင်ပေးပြီး ကျွန်မအတွက် ပြောရေးဆိုခွင့်ပေးတဲ့အပြင် ကျွန်မရဲ့ရပ်တည်မှုကို ကာကွယ်ဖို့ အခွင့်အရေးပေးတာအတွက်လည်း Mr. Iain ကို ကျေးဇူးတင်ပါတယ်။


Yoma Central မှာ လုပ်ကိုင်နေတဲ့အတောအတွင်း ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ။


Yoma Central လို စီမံကိန်းအကြီးစားတွေအတွက် ပါဝင်နေတဲ့မိတ်ဖက်များနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကြားမှာ ပိုပြီးအဆင့်မြင့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ကျွန်မက Yoma Strategic Holdings ရဲ့ လုပ်ငန်းတွင်းက အဖွဲ့တွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မိတ်ဖက်တွေရယ်၊ BTJV၊ Mitsubishi အဖွဲ့တို့ ကြားက ပူးပေါင်းဆောင်ရွက်ရေးအတွက် တာဝန်ယူရပါတယ်။ အဖွဲ့တိုင်းမှာ မတူညီတဲ့ ဖွဲ့စည်းပုံတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်မှုပုံစံအဆင့်တွေ ရှိတာကြောင့် စီမံကိန်းမှာ အဖွဲ့ထဲက လူတိုင်း ပါဝင်နိုင်ပြီး ရည်မှန်းချက်တစ်ခုတည်းကို ဦးတည်ဆောင်ရွက် နေတယ်ဆိုတာကို သေချာစေဖို့ အတွက် ဆောင်ရွက်ရတာက တကယ်စိန်ခေါ်မှုအများကြီးရှိပါတယ်။ တချိန်တည်းမှာပဲဒီလို မတူညီတဲ့လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်ငန်းဆောင်ရွက်ရတာက အရမ်း စိတ်ဝင်စားစရာ ကောင်းတာကို ကျွန်မတွေ့ရတယ်။ ဒါတွေကတော့ ကျွန်မအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ တွေပါပဲ။


တခြား စီမံကိန်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာအပြင် ကိုယ်တိုင်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေ ရတာမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခေါင်းဆောင်မျိုးလို့ မြင်ပါသလဲ။ အဖွဲ့သားတွေ တိုးတက်ဖို့အတွက် ဘာတွေ ဆောင်ရွက်နေပါသလဲ။


အခုလက်ရှိအဖွဲ့ကို ရထားတာ ကျွန်မအရမ်းကံကောင်းပါတယ်။ အငယ်တန်းဝန်ထမ်းလေး တွေကတောင် နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ အလုပ်လုပ်ဖူးပြီးတော့ ကျွန်မသူတို့ဆီက လိုချင်တဲ့ အလုပ်အရည်အသွေး ကိုလည်း နားလည်ကြတယ်။ ကျွန်မအဖွဲ့သားတွေနဲ့ နေ့စဉ်ပြောဆိုလုပ်ကိုင်ရ တဲ့အခါ ကျွန်မ အဓိကထားတာ ကတော့ ပွင့်လင်းမြင်သာပြီး ရှင်းလင်းတဲ့ ဆက်သွယ်မှုပါပဲ။ သူတို့ကို ပေးလိုက်တဲ့ အလုပ်တွေပြီးမြောက်မှု အတွက်လည်း ကျွန်မယုံကြည်ချက်ထားပေးတယ်။ သေးသေး လေးကအစ လိုက်ပြီး မထိန်းချုပ်မိအောင် ဂရုစိုက်တယ်။ အဲ့ဒါကြောင့် အဖွဲ့ထဲက လူတိုင်းက သူတို့တာဝန်ယူထားရတဲ့အလုပ်မှာ ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရတယ်လို့ ခံစားရစေသလို အလုပ်ပြီးမြောက်မှုအတွက်လည်း ပိုပြီး ဂုဏ်ယူနိုင်ကြပါတယ်။


Yoma Central ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှုက လက်ရှိ အစ်မရဲ့ ဘဝကို ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ။


Yoma Central က ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းကို အများကြီး သက်ရောက် မှုတွေ ပေးပါတယ်။ အခုဆို ကျွန်မကို ရန်ကုန်ရဲ့ ပေါ်လွင်ထင်ရှားဆုံးသော ဆောက်လုပ်ရေး စီမံကိန်းမှာ အောင်မြင်တဲ့ structure leader တစ်ယောက်အဖြစ် လူတွေက သိလာကြတယ်။ အဲ့ဒီက ဆောက်လုပ်ရေး နဲ့ အင်ဂျင်နီယာကဏ္ဍမှာ ကျွန်မကို လေးစားမှု ပိုရစေပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခြင်းက ကျွန်မ အလုပ်ကြိုးစားခဲ့မှု၊ ဇွဲရှိမှု နဲ့ ရဲရင့်မှုတွေရဲ့ အသီးအပွင့်တွေပဲ ဖြစ်တယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ နောက်ကို ပြန်ကြည့်တဲ့အခါ ကျွန်မဒီနေရာကို ရောက်လာဖို့ သည်းခံကျော်ဖြတ်ခဲ့တာတွေအတွက် ဝမ်းသာတယ်။ ကျွန်မအကြောင်း သိရတဲ့အခါ ဒီနယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုပြီး အောင်မြင်တဲ့အမျိုးသမီးအင်ဂျင်နီယာ ဖြစ်ချင်သူတွေအတွက် လည်း အားဖြစ်စေမယ်လို့ မျှော်လင့်ပါ တယ်။


၂၀၀၅ ခုနှစ်မှာ ကျွန်မမြန်မာနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပြောင်းနေတယ်။ ဘွဲ့လွန်တက်ဖို့ရယ် ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းကို စပြီး တည်ဆောက်ဖို့ရယ် အလုပ်အကိုင် အခွင့်အရေးရှာဖို့ရယ် ကျွန်မစင်္ကာပူကို သွားတယ်။ Yoma Central ကတော့ ကျွန်မမြန်မာနိုင်ငံကို ပြန်လာဖို့ အတွက် တကယ်မှန်ကန်တဲ့အကြောင်းပြချက်ပါပဲ။ ဒီကိုပြန်လာရတဲ့အတွက် ကျွန်မရဲ့ အိမ်လို့ ဂုဏ်ယူဝံ့ကြွား စွာ ပြောနိုင်တဲ့ ရန်ကုန်မြို့ကြီးကို တခါပြန်ပြီး သွားလာလည်ပတ် ကြည့်ရှုခံစားခွင့် ရခဲ့ပါတယ်။ ဒီမှာ အရမ်းတော်ပြီး ချစ်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရတယ်။ အခွင့်အလမ်းတွေအများကြီးလည်း ထပ်ကြုံရတယ်။ ဒီစီမံကိန်းက ရန်ကုန်မြို့ရဲ့ ဗိသုကာ သမိုင်းကြောင်းမှာ အစိတ်အပိုင်းသေးသေးလေးတစ်ခု အဖြစ်နဲ့ ကျွန်မ ကိုယ်တိုင်ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့အတွက် ပြောမပြနိုင်အောင် ဝမ်းသာရပါ တယ်။

 

Print Version

Yoma Central employee

bottom of page