Yoma Central ၏ ဝန်ထမ်းများမိတ်ဆက်

ယခုလအတွက် Yoma Central ၏ ဝန်ထမ်းများမိတ်ဆက်ကဏ္ဍတွင် မိတ်ဆက်ပေးမည့်သူမှာ E&S Compliance Manager ဖြစ်သူ မခင်စန္ဒီလင်း ဖြစ်သည်။ လက်ရှိတွင် မခင်စန္ဒီလင်းသည် SPA Design and Project Services Ltd တွင် E&S Compliance Manager အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ စီမံကိန်းဆောင်ရွက်ရာတွင် အစိုးရဌာနများမှ အတည်ပြုထားသည့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်မှုများအား ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါဝင်သော သဘာပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အသိအမှတ်ပြုလက်မှတ် (ECC)၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ် (ESMP) တို့ တွင် ပါဝင်သည့်အချက်အလက်များကို လိုက်နာမှုရှိစေရန် တာဝန်ယူထားသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်ဆိုင်ရာ အသိရှိသည့် ရင်းနှီးမြုပ်နှံသူများ ဖြစ်သော IFC နှင့် ADB တို့၏ ရင်းနှီးမြှုပ်နှံမှုအဆင့် တစ်ခုချင်းစီတိုင်းအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ရှေ့ဆက်သွားမည့်အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခြင်းများအတွက်လည်း တာဝန်ယူထားသည်။ ကုမ္ပဏီတွင်ရင်းနှီးမြုပ်နှံမည့် အလားအလာရှိသူများ၏ လုပ်ဆောင်ချက်များ နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲမှုများကိုလည်း ရှုထောင့် အမျိုးမျိုးမှ ကူညီလျက်ရှိသည်။
လက်ရှိရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းမပြုမီ မခင်စန္ဒီလင်းသည် စီမံကိန်း၏ Office Admin အဖြစ် လုပ်ကိုင်ခဲ့သည်။ ခင်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ရရှိထားပြီး အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှ စီးပွားရေး စီမံခန့်ခွဲမှုအထူးပြု ဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။

Yoma Central စီမံကိန်းမှာ အခု တာဝန်ယူထားတဲ့ အခန်းကဏ္ဍနဲ့ အခုအချိန်ထိ အလုပ်လုပ်ကိုင်ရတဲ့ အတွေ့အကြုံအပေါ် ဘယ်လို ခံစားရပါသလဲ။
Yoma Central စီမံကိန်းမှာ ကျွန်မပါဝင်ရတဲ့အခန်းကဏ္ဍကို ကျွန်မသဘောကျမိပါတယ်။ ကျွန်မက စီမံကိန်းကို သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ကို အကျိုးပြုတဲ့ပုံစံနဲ့ တည်ဆောက်သွားဖို့ တာဝန်ယူရပါတယ်။ Yoma Central က ရေရှည်တည်တံ့ရေးဆိုတဲ့ ပန်းတိုင်တစ်ခုတည်းကို ဦးတည်သွားနေကြတဲ့ စီးပွားရေးလုပ်ငန်းကြီး ၆ ခု အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းပါ။ ဒီလုပ်ငန်းတွေအားလုံးမှာ ဆင်တူတဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နဲ့ အုပ်ချုပ်မှုဆိုင်ရာ စံချိန်စံညွှန်းတွေရှိပြီးသားဖြစ်ပါတယ်။ ကျွန်မတို့ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့က အမြင့်မားဆုံးသော သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် တန်ဖိုးထားမှုတွေကို သတ်မှတ်ပေးထားပြီးတော့ ပါဝင်တဲ့လုပ်ငန်းရှင်တိုင်း ဒီတန်ဖိုးတွေအပေါ် အကောင်းဆုံးလိုက်နာဖို့ ကြီးကြပ်ပေးပါတယ်။
ဒီလုပ်ငန်းစဉ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဦးစီးနေတဲ့ ကျွန်မတို့ ကုမ္ပဏီတွင်းက အဓိကအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အများကြီးလိုအပ်ပါတယ်။
ကျွန်မအနေနဲ့ လုပ်ငန်းခွင်အနီးနားမှာနေထိုင်ကြတဲ့ ပြည်သူတွေ၊ တာဝန်ရှိသူတွေနဲ့ ရှယ်ယာရှင်တွေ အပါအဝင် အမျိုးမျိုးသော သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ မှတ်ချက်တွေရဖို့ ပုံမှန်ညှိနှိုင်းဆောင်ရွက်ရပါတယ်။
ရေရှည်တည်တံ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီဆောက်လုပ်ရေးစီမံကိန်းက သဘာဝပတ်ဝန်းကျင်နဲ့ သင့်တင့် လျောက်ပတ်တယ်လို့ သတ်မှတ်ခြင်းခံရဖို့အတွက် World Bank ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ IFC ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ လေ့လာတွေ့ရှိချက် အပြည့်အစုံပါဝင်တဲ့ EDGE အသိအမှတ်ပြုလက်မှတ်ရဖို့ လုပ်ငန်းစဉ်ကို ကျွန်မ ကြိုတင်မှန်းဆဆောင်ရွက်ခဲ့ပါတယ်။
ကျွန်မအလုပ်က ဒီလိုမတူညီတဲ့တာဝန်တွေအများကြီး ပေါင်းထားတာမျိုးဖြစ်နေတာ ဝမ်းသာပါတယ်။ ဒီလို တာဝန်ယူလိုက်ခြင်းက ကျွန်မရဲ့ အသိပညာဗဟုသုတတွေကို ပိုပြီးကျယ်ပြန့်လာစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြင့်မားစေလို့ပါ။
E&S Manager ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ပြောပြပေးပါ။
ကျွန်မ SPA မှာ အလုပ်လုပ်ခဲ့တာ အခုဆို ၇ နှစ်ကျော်လာပါပြီ။ ဒါပေမယ့် Compliance Team မှာ စပြီး ပါဝင်ရတာကတော့ ၂၀၁၄ ခုနှစ် ဇွန်လက မှ စခဲ့တာပါ။ ကျွန်မ ပထမဆုံး စပြီး အလုပ်ဝင်တဲ့ ၂၀၁၂ မှာတုန်းက သန်လျင်မှာရှိတဲ့ Star City စီမံကိန်းရဲ့ စီမံကိန်းဒါရိုက်တာ Mr. David Witting ရဲ့ လက်ထောက်အနေနဲ့ စပြီး လုပ်ကိုင်ခဲ့တာပါ။ သိပ်မကြာဘူး။ ကျွန်မက ဒီထက်ပိုတဲ့တာဝန်တွေယူနိုင်တယ်ဆိုတာကို လအနည်းငယ်အတွင်း မှာပဲ Mr.David က သတိပြုမိပြီး Yoma Central စီမံကိန်းရဲ့ admin team မှာ တာဝန်ချပေးခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတော့ ကျွန်မက စိန်ခေါ်မှုအသစ်တွေကို ထပ်ရင်ဆိုင်ချင်လာတဲ့အတွက် E&S Compliance Manager ရာထူးကို ယူဖို့ သဘောတူညီခဲ့တာပါ။
Yoma Central စီမံကိန်းမှာ အလုပ်လုပ်ရတဲ့အချိန်မှာ တွေ့ရတဲ့ အကြီးဆုံးစိန်ခေါ်မှုက ဘာဖြစ်မလဲ။
သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း (ESIA) လုပ်ငန်းစဉ် လုပ်ရတုန်းက အပင်ပန်းဆုံးလို့ ပြောရမယ်။ ၂၀၁၃ မှာ ESIA အကြံပေး စခန့်တာကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု အသိအမှတ်ပြု လက်မှတ် ရတဲ့ ၂၀၁၉ အထိ အကြာကြီး လုပ်ခဲ့ရတာဆိုတော့လေ။ စီမံကိန်းတစ်ဝက်လောက်ရောက်တဲ့အချိန် ၂၀၁၄ မှာ Yoma Central စီမံကိန်း ဒီဇိုင်း အပြောင်းအလဲဖြစ်တာရယ် ၂၀၁၅ မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် အပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ် အပြောင်းအလဲ ဖြစ်တာရယ်ကြောင့် ကျွန်မတို့ အစီရင်ခံစာကို ခဏခဏ အသစ်ပြန်ပြင်ရတယ်။

အစ်မအနေနဲ့ ဘယ်သူတွေဆီက အကြံဉာဏ်တွေ ရယူခဲ့သလဲ။ ပြီးတော့ ဦးဆောင်လမ်းပြတဲ့သူ နဲ့ ကိုယ်နဲ့ကြားမှာ ဘယ်လိုဆက်ဆံရေးရှိသလဲ။
ပြီးခဲ့တဲ့ ခြောက်နှစ်ကျော်မှာ ကျွန်မကို ဦးဆောင်လမ်းပြခဲ့တဲ့သူ ၂ ဦးရှိပါတယ်။ ကျွန်မရဲ့ အလုပ်ရှင်ဟောင်း တွေပေါ့။ ကျွန်မရဲ့Compliance and Approvals Manager ဟောင်းဖြစ်တဲ့ Ms. Tessa Morton နဲ့ စီမံကိန်း ဒါရိုက်တာဟောင်း Mr. Stephen Purvis တို့ပါ။ သူတို့ နှစ်ယောက်နဲ့တော့ တစ်နှစ်မှာ ၂ခါ ၃ ခါလောက် အမြဲတွေ့ပြီး စကားပြောဖြစ်တယ်။ အခုထိ messenger တို့ email တို့ကနေ အဆက်အသွယ် ရှိနေတုန်းပါပဲ။ ကျွန်မဘဝရဲ့ အလုပ်အကိုင်ပိုင်းမှာရော အထွေထွေကိစ္စရပ်တွေမှာပါ အမြဲဦးဆောင်လမ်းပြခဲ့တာ အတွက် တကယ်ကျေးဇူးတင်ပါတယ်။
E&C အဖွဲ့သားတွေနဲ့ရော ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
E&C အဖွဲ့မှာက အဖွဲ့ဝင် ၂ ယောက်ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ သူတို့ကို အမြဲ အားပေးတယ်။ အသစ်တွေသင်နိုင်အောင် ကူညီတယ်။ အလုပ်နဲ့ပတ်သက်ပြီး ပိုတာဝန်ယူနိုင်လာအောင် ကူညီပေးပါတယ်။
အလုပ်ရှင်နဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲ။
လက်ရှိ အလုပ်ရှင်ကတော့ စီမံကိန်း ဒါရိုက်တာ Mr. Iain Fairbairn ပါ။ သူက ကျွန်မကလေးကြောင့် အလုပ်ကခဏမနားခင်လေးမှာ နိုင်ငံခြားက ရောက်လာတာဖြစ်လို့ အဲ့ဒီအချိန်တွေတုန်းကတော့ အရမ်းကြီး မသိကြ မရင်းနှီးခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်မအလုပ်ပြန်ဝင်တဲ့အခါ ဘာမှမမေးဘဲ နွေးနွေးထွေးထွေး ကြိုတဲ့အပြင် ကျွန်မတာဝန်တွေ မလစ်ဟင်းဘူးဆိုရင် အချိန်ပိုင်း အနေနဲ့ လုပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ကျွန်မကို ယုံကြည်မှုပေးတဲ့အပြင် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပြုထားပါတယ်။ သူဘယ်လောက်ပဲ အလုပ်များနေ ပါစေ ကျွန်မ ပြဿနာတွေကို အမြဲနားထောင်ပေးပြီး ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေကို ပေးဖို့ အသင့်ရှိနေ ပါတယ်။ ကျွန်မတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ အရမ်းအဆင်ပြေပါတယ်လို့ ယုံပါတယ်။
အလုပ်ခွင်ပြင်ပမှာဆိုရင်ရော မခင်စန္ဒီက ဘယ်လိုလူမျိုး ဖြစ်မလဲ။
ကျွန်မက အသက် ၃ နှစ်အရွယ် သားလေးတစ်ယောက် မိခင်တစ်ဦးပါ။ သားလေးက ခုထိ မနက်မနက်ဆို တခါတလေ အလုပ်မသွားဖို့ တားတုန်း၊ ပြန်လာရင်လည်း ပျော်ပြီး ကြိုတုန်းပါ။ ကျွန်မအမျိုးသား ကတော့ ရေကြောင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်လို့ တစ်နှစ်မှာ ၈ လ လောက် သင်္ဘောလိုက်နေရတဲသူပါ။ အလုပ်ခွင်ပြင်ပမှာ ကျွန်မအဓိကအာရုံစိုက်တာကတော့ သားလေးနဲ့ တတ်နိုင်သလောက် အတူတူ ရှိဖို့ပါပဲ။ ကျွန်မသားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ကျွန်မမှာ အဓိကတာဝန်ရှိတယ်လေ။ ဒါကြောင့် အချိန်ပိုင်းလုပ်ခွင့် ရတာက ကျွန်မအတွက်တော့ တကယ်ကျေးဇူးတင်စရာကောင်းတဲ့ ကိစ္စပါ။ ဒီလိုလုပ်ခွင့်ရတဲ့အတွက် ကိုယ်ပိုင် အချိန်တစ်ခု ရသလို အလုပ်နဲ့မဆိုင်တဲ့ အခြား ကျွန်မဝါသနာပါရာလေးတွေလည်း သင်ရတာလည်း ကျွန်မ သဘောကျပါတယ်။ "သင်ယူတာရပ်လိုက်တာနဲ့ ကျဆုံးသွားမယ်" ဆိုတဲ့ Einstein ရဲ့စကားကို ကျွန်မ အကြိုက်ဆုံးပါပဲ။
သိပ်မကြာသေးခင်ကမှ ပြီးသွားတဲ့ အိမ်ကအလုပ်လုပ်ရတဲ့ ကာလတွေမှာ ဇယားတွေဖတ်တာ၊ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးကို တိုင်းတာတဲ့ အခြေခံနည်းလမ်းတွေ၊ နိုင်ငံတကာ ဘဏ္ဍာရေးဝန်ဆောင်မှု ဥပဒေ နဲ့ ကိုယ်ရေးမှတ်တမ်း စီမံခန့်ခွဲမှုတို့ အကြောင်း သင်ရိုးအတိုလေးတွေ ကျွန်မသင်ယူနိုင်ခဲ့ပါတယ်။
E&S နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ Yoma Central ရဲ့ ပြည်တွင်းလူမှုအသိုင်း အဝိုင်းအပေါ် သက်ရောက်မှု ဆန်းစစ်ချက်က ဘာဖြစ်မလဲ။
Yoma Central က ကဏ္ဍမျိုးစုံပါဝင်တဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်း တစ်ခုဖြစ်ပြီးတော့အများပြည်သူအသုံးပြုလို့ရပြီဆိုတဲ့အချိန်မှာအလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးဖန်တီးပေးနိုင်မယ့်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ပြည်တွင်းကလူတွေအတွက်ပညာအရည်အချင်းမျိုးစုံပေါ်မူတည်ပြီးအလုပ်အကိုင်အခွင့်အလမ်းပေါင်း၇၀၀၀ကျော်ဖန်တီးပေး နိုင်မယ်လို့ခန့်မှန်းထားတယ်။လက်ရှိဆောက်လုပ်ဆဲကာလမှာလည်းကျွမ်းကျင်အလုပ်သမားနဲ့အလုပ်ကြမ်းအလုပ်သမားတွေအတွက် အခွင့်အလမ်းတွေအပါအဝင်စုစုပေါင်းအလုပ်နေရာ၂၀၀၀ကျော်ခန့်အပ်ထားပြီးဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းအရှိန်အမြင့်ဆုံးကာလမှာတော့၄၀၀၀ကျော်ထိရောက်လာမှာလည်းဖြစ်ပါတယ်။ဒါကတော့ထောင်နဲ့ချီတဲ့မိသားစုတွေကိုအပိုဝင်ငွေရရှိစေတဲ့စီမံကိန်းရဲ့ သက်ရောက်မှုကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီမှာ အလုပ်လုပ်ကိုင်ရင်း ရရှိလာမယ့် လုပ်ငန်းကျွမ်းကျင်မှု၊ အချင်းချင်း သင်ကြားပေးနိုင်မှု တွေအပြင် ဆောက်လုပ်ရေး လုပ်သားတွေကြောင့် ရလာမယ့် ဝန်ဆောင်မှုအလုပ်အကိုင်တွေ၊ အခွင့်အလမ်း တွေကို ထည့်မတွက်ထားသေးပါဘူး။
အလုပ်အကိုင် ဖန်တီးပေးတာအပြင် အဆောက်အအုံရဲ့ မြင်ကွင်းကြောင့်လည်း အများပြည်သူအတွက် အကျိုးရှိစေပါသေးတယ်။ Yoma Central က မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍကို နောက်တစ်ဆင့် မြှင့်ပေးလိုက်တာပါ။ မြို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးရာရောက်သလို မြန်မာပြည်သူတွေအတွက်လည်း နိုင်ငံတကာက တန်ဖိုးကြီး ဖက်ရှင်ဒီဇိုင်းအမှတ်တံဆိပ်တွေ၊ ဟိုတယ်တွေနဲ့ အိမ်ခြံမြေစီမံမှုတွေကို အရောက်သယ်ဆောင်လာ ပေးနိုင်ပါတယ်။

ကိုယ့်ဘဝအပေါ်မှာရော Yoma Central ရဲ့ သက်ရောက်မှုက ဘယ်လိုဖြစ်မလဲ။
ကျွန်မက ကျွန်မနဲ့ မခင်တဲ့ လူအများကြီးကြားထဲ နေရတာ စိတ်အဆင်မပြေဖြစ်တတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် အလုပ်သဘောအရ ကျွန်မလူအသစ်တွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ အခြေအနေမျိုးစုံမှာ ပူးပေါင်း ဆောင်ရွက်ရတယ်။ အဲ့ဒါက ကျွန်မရဲ့ လူမှုဆက်ဆံရေးကို တိုးတက်လာစေခဲ့ပါတယ်။
အရင်က ကျွန်မက ကိုယ့်အတွေးကို စိတ်ထဲမှာပဲထားပြီး ထုတ်မပြောတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ် ကျွန်မတို့လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက်ကြား ရာထူးအနိမ့်အမြင့်ကွာခြားမှုနည်းတဲ့အတွက် တဖြည်းဖြည်းနဲ့ ကျွန်မ ကိုယ့်ယူဆချက်ကို ထုတ်ပြောလာနိုင်ခဲ့ပါတယ်။
Print Version
